Wednesday, May 8, 2019

နိုင်ငံတော်အစိုးရသစ်၏ (၂)နှစ်တာ ကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ချက်များ Primary tabs View(active tab)Edit

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပုဒ်မ ၃ ပြဋ္ဌာန်းချက်ပါအတိုင်း (၁)ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားရေး၊ (၂)ဈေးကွက် စီးပွားရေးစနစ် ထွန်းကားရေး၊ (၃) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးနှင့် (၄) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပါသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအရ အပ်နှင်းထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ချမှတ်ပေးသည့် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ ပေါင်းစပ်ညှိနှိုင်းပေးရသည့် အထောက် အကူပြုဝန်ကြီးဌာနပင် ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သည်ဟု ဆိုနိုင်သည်။

နိုင်ငံတော်က ချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များမှာ ငြိမ်းချမ်းရေး၊ စီးပွားရေး သာယာ၀ ပြောရေးနှင့် ဒီမိုကရေစီအရေးဟူ၍ပန်းတိုင်သုံးခု၊ အတိုကောက်အားဖြင့် Peace Prosperity-Democracy-PPD ဟူ၍ ဖြစ်ပါသည်။ ပထမပန်းတိုင် ငြိမ်းချမ်းရေး Peace နှင့် ဒုတိယ ပန်းတိုင် စီးပွားရေး သာယာ၀ပြောရေး Prosperity မှာ ဆက်စပ်လျက်ရှိသည်။ နိုင်ငံအတွင်း တည်ငြိမ်အေး ချမ်းမှ စီးပွားရေးတိုးတက်မှုများ အားကောင်း ခိုင်မာစေမည်ဖြစ်သလို ငြိမ်းချမ်းရေးရယူနိုင်ရေးမှာလည်း တတိယပန်းတိုင်ဖြစ်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးလုပ်ငန်းစဉ် ချောမွေ့ညင်သာမှုနှင့် ဆက်စပ်လျက် ရှိနေပြန်သည်။ သို့ဖြစ်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ရည်မှန်းချက်ပန်းတိုင် တစ်ခုချင်းတသီးတခြား ဆောင်ရွက်ခြင်းမပြုဘဲ ပန်းတိုင်(၃)ရပ်လုံးနှင့် ဆက်စပ်ခြုံငုံစဉ်းစား၍ ဆောင်ရွက် လျက်ရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ

လက်ရှိအစိုးရ တာဝန်ယူသည့်အချိန်မှစ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဦးစားပေး မူဝါဒအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများကိုထိရောက်စွာ ဖော်ဆောင်နိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ဖွဲ့စည်းခဲ့သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကချမှတ်ပေးသော မူဝါဒများကို အကောင် အထည်ဖော်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်း နိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်ကိုလည်းဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေး ရရှိရန်အတွက် (NCA)ပါပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော်ရေး ကိစ္စများကို နှစ်ဖက်ညှိနှိုင်းဆောင်ရွက် နေသလိုတစ်ဖက်တွင်လည်း (NCA)လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဖွင့်လှစ်ထားပြီး အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများမြှင့်တင်နိုင်ရန် စဉ်ဆက်မပြတ်ထိတွေ့ ဆောင်ရွက်လျက်ရှိ သည်။

လက်နက်ကိုင်ပဋိပက္ခတို့၏ မြစ်ဖျားခံရာဇာစ်မြစ်ဖြစ်သော နိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်သည်ဖြစ်ရာ NCA အရ ဖွဲ့စည်းသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ -UPDJC ကနိုင်ငံရေးဆွေးနွေးပွဲများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးဆွေးနွေးပွဲများတွင်အားလုံးပါဝင်ရေးမူကိုအခြေခံ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ကိုယ်စား လှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အစုအဖွဲ့မှကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် UPDJC ကို ဖွဲ့စည်းခဲ့ပါ သည်။ အစိုးရသစ်လက်ထက်တွင် UPDJC အစည်းအဝေးများကို (၉)ကြိမ် ကျင်းပနိုင်ခဲ့ပြီး လက်နက် ကိုင် လမ်းစဉ်မှသည် စားပွဲဝိုင်း ဆွေးနွေးပွဲ ယဉ်ကျေးမှုသို့ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်။

NCA စာချုပ်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းရန်နှင့် နိုင်ငံရေးဆွေးနွေး ပွဲများ ကျင်းပဆောင်ရွက်ရန်ဟူသော အရေးကြီးသည့် လုပ်ငန်းတာဝန်ကြီးနှစ်ရပ် ဖော်ပြပါရှိသည့် အလျောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား ဆက်လက်ထိန်းသိမ်းနိုင်ရေးကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Ceasefire Monitoring Committee JMC) ကို တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အများယုံကြည်လေးစားသော အရပ်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား သည်။ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း ရေးဆွဲပြဋ္ဌာန်း ထားပြီး လက်တွေ့လိုက်နာ ကျင့်သုံးလျက်ရှိသည်။ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား သဘောထား ကွဲလွဲမှုများ လျော့ပါးစေခဲ့ပြီး နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ် ပိုမိုခိုင်မာလာစေခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေး

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ရန်နှင့် နှစ်ပေါင်း(၆၀)ကျော် ကာလအတွင်း တိုင်းရင်းသားများ၏ သဘောထား ရပ်တည်ချက်များကို ပွင့်လင်းလွတ်လပ်စွာ ပြောကြား ခွင့်ရရှိစေရန်ရည်ရွယ်၍ နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမ အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂမှ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ကိုယ်တိုင်တက်ရောက်၍ အမှာစကား ပြောကြား ခဲ့သည့် အပြင် NCA ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များသာမက NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများမှ ခေါင်းဆောင်များပါ တက်ရောက်ခဲ့ကြသည်။ ညီလာခံကျင်းပပုံများကို ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့သည့်အတွက် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအနေဖြင့် တိုင်းရင်းသား ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၏ ရပ်တည်ချက်သဘောထားများကို သိရှိခွင့်ရခဲ့ပြီး လူထုစိတ်ဝင်စားမှု အရှိန်အဟုန်မြင့်တက်လာစေသကဲ့သို့ နှစ်ပေါင်းများစွာအတွင်း မတူကွဲပြားနေခဲ့သော တိုင်းရင်းသား တို့၏ အမြင်များကို ပြည်သူတစ်ရပ်လုံး သိမြင်ကြားသိခွင့်ရရှိစေခဲ့သည်။

ထပ်မံ၍ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည်။ နိုင်ငံရေး ဆွေးနွေးပွဲများတွင် အားလုံး ပါဝင်ရေးမူကို အခြေခံပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အခြားပါဝင်သင့်ပါဝင် ထိုက်သူများ ပါဝင်၍ ညီလာခံတက်ရောက်သူ ၇၀၀ ဖြင့် ကျင်းပခဲ့သည်။ နိုင်ငံရေး သဘောတူညီချက်များကို စတင်ဆွေးနွေး အတည်ပြုသည့် (၂၁)ရာစုပင်လုံညီလာခံအဖြစ် မှတ်ယူနိုင်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)မှ ချမှတ်ထားသည့် အခြေခံ လမ်းညွှန် ချက်များ၊ ဆွေးနွေးရမည့်ခေါင်းစဉ်များ၊ လုပ်ငန်းလမ်းညွှန် (ToR)များနှင့်အညီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ(၃)ကြိမ်၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲ(၃)ကြိမ်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းဖိုရမ်(CSO Forum) (၁)ကြိမ် ကျင်းပခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသော သဘောထား စုစည်းချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ မူဝါဒ အဆိုပြုလွှာများအဖြစ် အဆိုပြုတင်သွင်းခဲ့သည်။ မူဝါဒအဆိုပြုချက်များ အပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများ အဆင့်ဆင့်ကျင်းပပြီး ရရှိလာသော အဆိုပြုချက်များကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် သဘောတူညီမှု ရရှိခဲ့ပါ သည်။

အဆိုပါ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁)တွင် နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၂)ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒသဘောတူညီချက်(၁၁)ချက်၊ လူမှုရေးကဏ္ဍ မူဝါဒသဘော တူညီချက်(၄)ချက်၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက် (၁၀)ချက် စုစုပေါင်း (၃၇)ချက် ပါဝင်သည်။ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁)ကို တစ်နိုင်ငံ လုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်အပိုဒ် ၂၀၊ အပိုဒ်ခွဲ(င)အရ ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး၌ အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက၂၀၁၇ ခုနှစ် မေ ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ရရှိလာသည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်း(၁)ပါ မူဝါဒသဘောတူညီချက် (၃၇) ချက်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဆုံးသော ဖက်ဒရယ်အခြေခံမူ သဘောတူညီချက် များ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြဿနာကို ဖြေရှင်း နိုင်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပေးနိုင်ခဲ့သည့်အပြင် နိုင်ငံရေးသဘော တူညီချက်များ စတင် ရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် အမှန်တကယ်စိတ်တူကိုယ်တူ စုပေါင်းအင်အား အဖြစ် ကြိုးပမ်းကြလျှင် မဖြစ်နိုင်သည် မရှိဟူသောသဘောတရားကို လက်တွေ့ပြသနိုင်ခဲ့သည့် ကြီးမားသော ငြိမ်းချမ်းရေးခရီးစဉ် အောင်မြင်မှုရလဒ်ပင် ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကိုပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တင်ပြသည့် စီးပွားရေး၊ လူမှုရေး၊ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိ နှိုင်း၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။

ပဋိပက္ခကျရောက်ခဲ့ရသည့် ဒေသများအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးအတွက် ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးလျက်ရှိပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ရန်ပုံငွေ၊ ပြည်တွင်းပြည်ပ အလှူရှင်များ၏လှူဒါန်းငွေများဖြင့်လည်း တိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေး လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်ပေး လျက်ရှိသည်။

တိုင်းရင်းသားဒေသများအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရေးနှင့်ငြိမ်းချမ်းရေးရန် ပုံငွေများကို အကျိုးရှိစွာအသုံးပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အစိုးရကိုယ်စားလှယ်များ၊ NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB)ကိုလည်း ဖွဲ့စည်းထားသည်။ နိုင်ငံတကာမှ ကူညီထောက်ပံ့လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေများကို ခွဲဝေလျာထား အသုံးပြုရာတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကဏ္ဍ၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေး ကဏ္ဍ၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကဏ္ဍ စသည်ဖြင့် ဦးစားပေး ကဏ္ဍကြီး (၄)ရပ်သတ်မှတ်ထားသည်။

ပဋိပက္ခဒဏ်ခံစားခဲ့ရသည့် ဒေသများအတွင်း စီးပွားရေးလုပ်ငန်းများအား Public Private Partnership (PPP) ပုံစံ ဆောင်ရွက်နိုင်ရန်၊ ဈေးကွက် သဘောတရားနှင့် အညီဆောင်ရွက်နိုင်ရန်နှင့် ဆောင်ရွက်ပုံ ဆောင်ရွက်နည်းများ သိရှိနားလည်စေရန် ဆွေးနွေးပွဲများကျင်းပပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုအထောက်အကူပြုနိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

NCA တွင် နောက်ထပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေး ထိုးခြင်း

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့တို့ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကိုချုပ်ဆိုခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အဆိုပါ သဘောတူစာချုပ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ငြိမ်းချမ်းရေး ကော်မရှင်သည် UNFC၏ အဆိုပြုချက်(၈)ချက်ကို အခြေခံပြီးUNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- DPNနှင့် အလွတ် သဘောတွေ့ဆုံဆွေးနွေးပွဲ(၉)ကြိမ်နှင့် တရားဝင် ဆွေးနွေးပွဲ(၉)ကြိမ်ကျင်းပပြီး NCA တွင်ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ သည်။ ဆွေးနွေးမှုရလဒ်များအရ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က သဘောတူညီချက်(၈)ချက်ကို သဘောတူခဲ့ပြီး၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့အကြား နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ တစ်ဆက်တည်းမှာပင် အဆိုပါ သဘောတူ ညီချက်(၈)ချက်ကို သဘောတူညီပြီးပါက NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် သဘောတူညီမှုရရှိခဲ့ သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့က ပါဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၌ပင် နေပြည်တော်မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပခဲ့ရာ နိုင်ငံတော်အကြီးအကဲများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပအသိ သက်သေ များက လက်မှတ်ရေးထိုးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)အနေဖြင့် လက်ရှိ အစိုးရသစ် လက်ထက်တွင် NCA လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးခရီးလမ်းကိုပထမဆုံး လျှောက်လှမ်းလာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ဆက်လက်၍ ကရင်နီတိုးတက်ရေးပါတီ(KNPP)နှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး UWSA “ ၀” အထူးဒေသ(၂)၊ အထူးဒေသ(၄)၊ မိုင်းလား၊ KIA-KIO အဖွဲ့များနှင့်လည်း အလွတ်သဘောတွေ့ဆုံမှုများ ဆောင်ရွက်လျက်ရှိသည်။ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် SSPP “ဝမ်ဟိုင်း” အဖွဲ့နှင့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်လာအောင် ကြိုးပမ်းလျက် ရှိသည်။

အစိုးရ၏ အဓိကရည်ရွယ်ချက်သည်နိုင်ငံရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်၊ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲနိုင်ရန်အတွက် NCA ထီးရိပ်အောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါနိုင်သမျှပါဝင်လာအောင်၊ ညီလာခံစားပွဲဝိုင်းပေါ်ကိုပါဝင်သင့်သူအားလုံး ရောက်ရှိလာအောင်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး အလွတ်သဘော တွေ့ဆုံမှုများ၊ တရားဝင်ဆွေးနွေး ညှိနှိုင်းမှုများကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်သည်။

NCA ၏ (၂)နှစ်တာသက်တမ်းနှင့်အနာဂတ်မျှော်မှန်းချက်

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်သည် NCAကို အခြေခံ၍ တိုးတက်ဖြစ်ပေါ်လာသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ ယခင်က NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့က လက်မှတ်ရေး ထိုးခဲ့ရာမှ NCA (၂)နှစ်တာသက်တမ်းကာလအတွင်း မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ NCA တွင် ထပ်မံပါဝင်လက်မှတ်ရေးထိုးလာခဲ့သည်။ ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက်လည်း ငြိမ်းချမ်းရေးတံခါး အမြဲတမ်းဖွင့်လှစ် ထားဆဲဖြစ်ပြီး NCA တွင်ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။ နောက်ထပ်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေး သုံးကြိမ်အတွင်း ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ချမှတ်နိုင်ရန်နှင့် ဖက်ဒရယ်အုတ်မြစ်ခိုင်ခိုင်မာမာ စိုက်ထူနိုင်ရန်ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ငြိမ်းချမ်းရေးစကားဝိုင်းများ

ငြိမ်းချမ်းရေးရခြင်း မရခြင်း၏ အကျိုးဆက်ကို အများဆုံး ခံစားရမည့်သူများမှာ အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်သဖြင့် မျိုးဆက်သစ်လူငယ်များအတွက် ရည်ရွယ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ လူငယ်များနှင့် တွေ့ဆုံ၍ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk)ကိုနေပြည်တော်တွင် သုံးကြိမ်၊ ရှမ်းပြည်နယ် ပင်လုံမြို့တွင် တစ်ကြိမ်၊ မန္တလေး တိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ တွင်တစ်ကြိမ်၊ ကယားပြည်နယ် လွိုင်ကော်မြို့တွင်တစ်ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ တွင် တစ်ကြိမ် စုစုပေါင်း ခုနစ်ကြိမ် ကျင်းပခဲ့သည်။

အလွတ်သဘောဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့်ပြည်ပလေ့လာရေးခရီးစဉ်များ

နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် တစ်ခုတည်းသော အဖြေသည် လက်ရှိမြန်မာနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်ပြီး ထိရောက်စွာ လက်တွေ့အကောင်အထည်ဖော်နိုင် မည့် ဖက်ဒရယ်စနစ်ဖြစ်ပြီး ယင်းဖက်ဒရယ်စနစ်ကို ညှိနှိုင်းဆွေးနွေးနိုင်မည့် နိုင်ငံရေးစကားဝိုင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးပင် ဖြစ်ပါသည်။

သို့ဖြစ်၍ (၂၁)ရာစုပင်လုံညီလာခံတွင်ပါဝင်သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ်များ အနေဖြင့် ဖက်ဒရယ်ဆိုင်ရာ အသိအမြင်များ၊ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြည်ပမှ ဥပဒေ ပညာရှင်များ ဖက်ဒရယ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များအား ဖိတ်ကြားပြီး ဖက်ဒရယ် အခြေခံမူဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် နှစ်ကြိမ် ကျင်းပပေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများမှ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စဉ်းစားသုံးသပ်နိုင်ရန် အကြံပြုချက်များ ရရှိစေခဲ့သည်။

ယင်းအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေးမှုဖက်ဒရယ်ဆိုင်ရာ သဘောတရားများ စသည် တို့ကို ကျယ်ပြန့်စွာ သိမြင်နားလည်သုံးသပ်နိုင်ရေး၊ ဆွေးနွေးဖက်များအကြား ရင်းနှီးမှု၊ နားလည်မှုနှင့် ယုံကြည်မှုမြှင့်တင်ရေး တို့အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင်များ ပါဝင်သော ပြည်ပလေ့လာရေး ခရီးစဉ်များကိုလည်း အခါအားလျော်စွာ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အလွတ်သဘော တွေ့ဆုံမှုများမှ တစ်ဆင့် သဘောထား အမြင် ဖလှယ်ရေး၊ အကြိုညှိနှိုင်းရေး၊ စိုးရိမ်ချက်များ သိရှိနားလည်ရေး စသည်တို့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလျက်ရှိသည်။

ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ၏ မျိုးဆက်များ၊ တတ်သိ ပညာရှင် များ၊ တိုင်းရင်း သား ခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လေ့လာ သုံးသပ်သူ များ စသည်တို့ကို ဖိတ်ခေါ်၍ ၎င်းတို့၏ အကြံပြုချက်များ၊ ထင်မြင် ယူဆချက် များကိုသိရှိနိုင်ရန် ရည်ရွယ်၍ Stakeholder Meeting များကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မှုများ

ရခိုင်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာကပင် အမြစ်တွယ်နေသည့် ပြဿနာများနှင့် စိန်ခေါ်မှုများအား လက်တွေ့ကျကျဖြေရှင်းနိုင်ရန်အတွက် ရေရှည်တည်တံ့သော နည်းလမ်းများ ရှာဖွေရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးမှာ အစိုးရသစ်၏ အဓိကဦးစားပေး လုပ်ငန်း တစ်ရပ်ဖြစ်သည်။

သို့ဖြစ်၍ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအား ၂၀၁၆ ခုနှစ်မေ ၃၀ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်၍ ဖွဲ့စည်း တည်ထောင်ခဲ့ပြီးဗဟိုကော်မတီအား အထောက်အကူဖြစ်စေနိုင်ရေးအတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ လေးခုကို ဆက်လက် ဖွဲ့စည်းခဲ့သည်။ လုပ်ငန်းကော်မတီများအနေဖြင့် မြေပြင်အခြေအနေမှန်များအား သိရှိစေရန် ကွင်းဆင်းလေ့လာမှုများ စဉ်ဆက်မပြတ်ပြုလုပ်၍ အေးချမ်းတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို ဦးစားပေးအလိုက် ဆောင်ရွက်ပေး လျက်ရှိသည်။

ရခိုင်ပြည်နယ်အရေးကိစ္စသည် သိမ်မွေ့နက်နဲသော သဘောသဘာဝရှိရာ ယင်းကိုဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများရရှိရေးအတွက် အကြံပြုပေးနိုင်ရန်နှင့်ရခိုင်ပြည်နယ်အရေးကိစ္စကို ပြည့်စုံစွာဖြေရှင်းနိုင်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်နေမှုများကို အထောက်အကူဖြစ်စေရေး တို့အတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းတို့အကြားနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် မြန်မာနိုင်ငံသားပုဂ္ဂိုလ် ခြောက်ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် သုံးဦး၊ စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက် နေချိန်တွင် ၂၀၁၆ ခုနှစ်အောက်တိုဘာ ၉ ရက်နှင့် နိုဝင်ဘာလ ၁၂ရက်မှ ၁၃ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ရာ အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ဖြစ်ပွားရသည့် နောက်ခံအခြေအနေများနှင့် အဖြစ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်၊ ရခိုင်ပြည်နယ်အတွင်းလူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက် များ ထွက်ပေါ်နေခြင်းတို့ကို စုံစမ်းစစ်ဆေးရန်၊ နောင်တွင်အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွား စေရန် အတွက် ရည်ရွယ်၍ ဒုတိယသမ္မတ(၁)ဦးဆောင်၍ အဖွဲ့ဝင် ၁၃ ဦး ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ပြည်သူများ၏လုံခြုံရေးနှင့်အခြေခံအခွင့်အရေးများအား အာမခံချက်ပေးနိုင်ရေးအတွက် စုံစမ်းစစ်ဆေး ဖော်ထုတ်မှုများပြုလုပ်ခဲ့ပြီး အကြံပြုချက် ၄၈ ချက်ကို တင်ပြခဲ့သဖြင့် ဒေသအတွင်းတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်စေခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်မှ မြေပြင်ကွင်းဆင်းလေ့လာမှုများ၊ စုံစမ်းဆွေးနွေးမှုများ အပေါ် အခြေခံ၍ နိုင်ငံတော်အစိုးရထံသို့ အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် တင်သွင်းခဲ့ရာ ကော်မရှင်က အကြံပြုချက် ၈၈ ချက်ကို တင်ပြခဲ့ပြီး အဆိုပါ အကြံပြုချက်များသည် ရခိုင်ပြည်နယ်အရေးကိစ္စများ ဖြေရှင်းရာတွင် ရေရှည်နည်းလမ်း ကောင်းများ ရရှိရေးအတွက် အထောက် အကူဖြစ်စေမည်ဖြစ်သည်။

ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကော်မတီများအဆင့်ဆင့်ဖွဲ့စည်းကာစုံစမ်း ဆောင်ရွက် နေဆဲမှာပင် လက်ရှိရခိုင်အရေးကို စတင်ဖြစ်ပွားစေသော မူလဇာစ်မြစ်ဖြစ်သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားတို့က ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် လုံခြုံရေးစခန်း ၃၀ အား တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်မှ လူအများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည့်အပြင် နိုင်ငံတကာမှလည်း လွဲမှားသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သဖြင့် နိုင်ငံတော်အစိုးရက ဘာသာအယူအဆ မတူကြသည့်လူမျိုးစုများအကြားအမြန် ပြန်လည်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရသည်။

ယင်းနောက် ဒုတိယသမ္မတ(၁) ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေးကော်မရှင်နှင့်ဒေါက်တာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီကို ၉-၁၀-၂၀၁၇ ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ၏အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအပေါ် တိုးတက်မှု အစီရင်ခံစာကိုလေးလတစ်ကြိမ် ထုတ်ပြန်တင်ပြရမည်ဖြစ်ရာ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နှင့်၁၇ ရက်တို့တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ပြည်သူသို့ အသိပေးနိုင်ခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine - UEHRD) ကို ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ တည်ထောင်ခဲ့ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုများနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့် မြေပြင်အခြေအနေပေါ်မူတည်၍ အကျိုးရှိရှိ ထိထိရောက်ရောက်ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သောအကြံဉာဏ်များကိုရယူရန် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Surakiart Sathirathai ဦးဆောင်လျက် ပြည်တွင်း ပြည်ပ ပညာရှင်များပါဝင်သော ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏အကြံပေးအဖွဲ့ကို ၈-၁၂-၂၀၁၇ ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ခြင်း၊ ပြန်လည်နေရာချထားရေး လုပ်ငန်း ဆောင်ရွက်ခြင်းများအား စောင့်ကြည့်လေ့လာရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် များအပေါ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအား စောင့်ကြည့်လေ့လာနိုင်ရန်နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းဆောင်ရွက် မှုများအား စောင့်ကြည့်လေ့လာနိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးဆောင်သည့်အထူးလုပ်ငန်းအဖွဲ့ကို ၇-၁-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သကဲ့သို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီကိုလည်း ၁၅-၃-၂၀၁၈ ရက်နေ့တွင် အသီးသီးဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၌ ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်အစိုးရက ဦးဆောင်၍ Red Cross Movement၊ AHA Centre, Philippines Red Cross, Thai Red Cross Societies နှင့် ဒေသခံလုပ်အားပေးများမှတစ်ဆင့် နှစ်ဖက်အသိုက်အဝန်းအားလူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေပေးအပ်လျက်ရှိသကဲ့သို့ WFP ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိသည့်အပြင် UNHCR နှင့် UNDP တို့ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းထားပြီးဖြစ်သည်။

နယ်စပ်ဆိုင်ရာကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိရာ “MoU on Establishment of Border Liaison Office -BLOs” နှင့် MoU on Security Dialogue and Cooperation” တို့ကို လက်မှတ်ရေး ထိုးနိုင်ခဲ့ပါသည်။ ထို့အပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် Arrangement on Return of Displaced Persons from Rakhine State ကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ Arrangement ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group) ကို ဖွဲ့စည်းနိုင်ရေးTerms of Reference ကို ၁၉-၁၂-၂၀၁၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လည်းကောင်း၊ Physical Arrangement for Repatriation of Displaced Myanmar Residents From Bangladesh Under The Arrangement on Return of Displaced Persons from Rakhine State ကို ၁၆-၂-၂၀၁၈ ရက်နေ့၌ မြန်မာနိုင်ငံတွင် လည်းကောင်း အဆင့်ဆင့်လက်မှတ်ရေးထိုးခဲ့ပြီး စနစ်တကျ ပြန်လည်လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ Physical Arrangement အရ နှစ်နိုင်ငံသဘောတူညီထားသည့် အတိုင်း ပြန်လည်လက်ခံရေးဌာနများကို တောင်ပြိုလက်ဝဲနှင့် ငါးခူရတို့တွင် လည်းကောင်း၊ ယာယီ နေထိုင်ရေးဌာနကို လှဖိုးခေါင်တွင်လည်းကောင်း တည်ဆောက်ခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းကို ၂၃-၁-၂၀၁၈ ရက်တွင် စတင်နိုင်ရန် ပြင်ဆင်ထားခဲ့သည်။ ပြန်လည်စိစစ်လွှဲပြောင်းရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ပထမဆုံးအသုတ်အနေဖြင့် စတင် ဆောင်ရွက်နိုင်ရန် ဟိန္ဒူဘာသာဝင် ၅၀၈ ဦးနှင့် အစ္စလာမ် ဘာသာဝင် ၇၅၀ တို့၏ အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့သည်။

သို့ရာတွင် သတ်မှတ်ရက်ရောက်သည့်တိုင် ဖြည့်စွက်ပြီးသော ပုံစံများကိုဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ပေးပို့လာခြင်းမရှိသဖြင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ပါ။ ဘင်္ဂလားဒေ့ရှ် ဘက်မှ ပထမအသုတ် လွှဲပြောင်းပေးမည့် အိမ်ထောင်စု၁၆၇၃ စုမှ လူဦးရေ ၈၀၃၂ ဦးတို့၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များပေးပို့လာခဲ့ရာ Physical Arrangement အရ နှစ်နိုင်ငံသဘော တူညီထားသည့် ပုံစံများမဟုတ်ဘဲ အဓိကအချက်များဖြစ်သည့်ဆန္ဒအလျောက်ပြန်လာခြင်းဖြစ်ကြောင်းနှင့်နိုင်ငံ၏တည်ဆဲဥပဒေများကို လိုက်နာမည်ဖြစ်ကြောင်း စသည်တို့ကို ဖော်ပြထားခြင်းမရှိသည့်အပြင် တစ်ဦးချင်းစီ၏ လက်မှတ်နှင့်ကိုယ်ရေး အချက်အလက်များကိုလည်း အသေးစိတ်ဖော်ပြ ထားခြင်း မရှိပါ သဖြင့်သဘောတူထားသော ပုံစံများဖြင့် ပြန်လည်ပြင်ဆင်ပေးပို့ပါရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ အကြောင်းကြားခဲ့သည်။ ထိုသို့ နှစ်နိုင်ငံသဘောတူပုံစံများ မဟုတ်သော်လည်း လွှဲပြောင်းလက်ခံရေး အဆင်ပြေစေရေးကိုရှေးရှု၍ ခက်ခက်ခဲခဲ စိစစ်လျက်ရှိရာ ယနေ့အထိ စုစုပေါင်း လူ ၇၀၀ ကျော်အား စိစစ်ပြီးဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်လွှဲပြောင်းပေးလျှင် စိစစ်လက်ခံရန် အဆင်သင့်ရှိကြောင်း အကြောင်းကြားခဲ့သည်။ မောင်တောခရိုင်၊ တောင်ပြို လက်ဝဲမြို့အနီး မြန်မာဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိ မိတ်မျဉ်းအနီးတွင် နေထိုင်လျက်ရှိသည့် မြန်မာဘက်မှနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးအတွက်လည်း ညှိနှိုင်း ဆောင်ရွက် လျက် ရှိပါသည်။ နေရပ်စွန့်ခွာသူများအရေးကိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အကြား အဖြေရှာနိုင်မည်ဟု မျှော်လင့်ထားပြီးအကောင်းဆုံးနည်းလမ်းများဖြင့် ဖြေရှင်းရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ Internal Displaced Persons Camp (IDP) စခန်းများ ပိတ်သိမ်းခြင်းနှင့်ပတ်သက်၍စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်းနှင့်မြေပုံမြို့ IDP စခန်းတို့ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားနိုင်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိပါသည်။

မြန်မာအစိုးရ၏ဆောင်ရွက်ချက်များနှင့်မြေပြင်အခြေအနေများကို လေ့လာနိုင်စေရန် ရည်ရွယ်၍ မြန်မာ နိုင်ငံ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများ ရခိုင်ပြည်နယ် ခရီးစဉ်ကို ၂၀၁၆ခုနှစ်မှ ယနေ့အထိ ၁၀ ကြိမ်စေလွှတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်းပြည်ပ မီဒီယာများကိုလည်း ကိုးကြိမ်အထိ စေလွှတ်ပေးနိုင်ခဲ့ပါသည်။ ပြည်တွင်း ပြည်ပသတင်းမီဒီယာများကို တစ်လလျှင် နှစ်ကြိမ် သတင်းသွားရောက် ရယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် သတင်းထုတ်ပြန်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး သတင်း ဖြစ်ရပ်မှန်များကို သတင်းမီဒီယာများ၊ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများ အား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်အရေးသည် ပြည်တွင်းပဋိပက္ခတစ်ရပ်ဖြစ်သော်လည်း နိုင်ငံတကာနှင့်ကုလသမဂ္ဂ၏ စောင့်ကြည့်မှုအောက်တွင်ရှိနေသဖြင့် အရေးပါသော ကိစ္စရပ်တစ်ခုဖြစ်ပြီး မတူကွဲပြားမှုများကြား၌ အသိုင်းအဝိုင်းအားလုံးအား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ရမည်ဖြစ် သကဲ့သို့ ပဋိပက္ခကို ဖြေရှင်းနိုင်ခြင်းမရှိလျှင်ပြည်သူလူထုအတွက် အခက်အခဲများကို ပိုမိုကြီးထွား စေနိုင်သဖြင့် အဆိုပါ ပြဿနာများအား အောင်မြင်အောင် ကိုင်တွယ်ဖြေရှင်းရေးသည် အဓိကကျ သည့် အားလျော်စွာ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော်နိုင်ရန် အရေးကြီးလှသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ဖိအားပေးမှုများ မြင့်တက်နေသည့် အခြေအနေတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပိုင်နက်နယ်မြေ မဆုံးရှုံးရေးတို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှု အောင်မြင်စေရန် အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

နိုင်ငံခြားသံတမန်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ၂၀၁၆ ခုနှစ် ဇူလိုင် လမှ ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလအထိ နှစ်နှစ်တာကာလအတွင်း နိုင်ငံခြားသံတမန်များ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံမှုပေါင်း ၁၀၈ ကြိမ် ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်များ၊ နိုင်ငံတော်အစိုးရက လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှသိရှိစေရန် တွေ့ဆုံဆွေးနွေးပွဲများတွင် ရှင်းလင်း ပြောကြားလျက်ရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံခြားသံတမန်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ၊ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များ နိုင်ငံသားဖြစ်ခွင့်ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားသော ဒေသများ၌ အစားအစာနှင့် ဆေးဝါးစသည့် လိုအပ်သည့်အကူအညီများ ထောက်ပံ့ပေးရန် ကိစ္စရပ်များ၊ ပဋိပက္ခမဖြစ်ပွားသည့် ရခိုင်ဒေသအတွင်းစက်မှုလက်မှုလုပ်ငန်းများ ထူထောင်ပေးရန် ကိစ္စရပ်များ၊ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ ထူထောင်ပေးရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး၊ IDP စခန်းများ ပိတ်သိမ်းရေး ကိစ္စရပ်များကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး နိုင်ငံ၏လက်ရှိ အခြေအနေ မှန်ကို နိုင်ငံတကာမှ သိရှိနိုင်ရန် ရှင်းလင်းပြောကြားပေးလျက်ရှိသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်များ၊ NCAတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါဝင်လက်မှတ်ရေးထိုးရေးကိစ္စများ၊အပစ်အခတ်ရပ်စဲရေးနှင့်စပ်လျဉ်း၍ တိုးတက်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ကူညီ ထောက်ပံ့ပေးနိုင်ရေးကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက်ဆောင်ရွက်ချက်များ

နိုင်ငံတစ်နိုင်ငံတွင် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်စေရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြင့်မားတိုးတက်စေရေးတို့အတွက် အဂတိလိုက်စားမှု ကင်းရှင်းရေးမှာ အဓိကအခြေခံကျသော အချက်တစ်ရပ်ဖြစ်သည်။

နိုင်ငံတော်၏ အစိုးရယန္တရား အဖွဲ့အစည်းများ၌ အဂတိလိုက်စားမှု ကင်းစင် ပပျောက်စေရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်ချက်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုထံမှ အစိုးရပိုင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်၏ အဂတိလိုက်စားမှု၊ မမှန်မကန် လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်သည့် အသိပေးတိုင်ကြားစာများကို မှတ်ပုံတင်စာ၊ ဖက်စ်၊ အီးမေးလ် တို့ဖြင့် လက်ခံအရေးယူဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဒုတိယနှစ်နှစ်တာ ကာလ အတွင်း စုစုပေါင်း တင်ပြစာ ၂၅၁၆ စောင် လက်ခံရရှိခဲ့ပြီး အများစုမှာ မြေယာ၊ စီမံ/အုပ်ချုပ်မှု၊ အဂတိ၊ တရားစီရင်မှု၊ လူမှုရေးအကြောင်းအရာကိစ္စရပ်များဖြစ်ပြီး ပြည်သူတို့၏ တင်ပြချက်များအပေါ် အရေးယူ ဆောင်ရွက်ခြင်းကို နိုင်ငံတော်သမ္မတရုံးနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားပံ့ပိုးကူညီ အထောက် အကူပြုရန် ဖွဲ့စည်းပေါ်ပေါက်လာသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည်နှင့်အညီ အစိုးရသစ်၏ ဒုတိယ(၁)နှစ်တာကာလအတွင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကထား ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏မူဝါဒများ အကောင်အထည်ဖော်ခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပေးအပ်လာသော တာဝန်များကို ထမ်းဆောင်ခြင်း၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြား လိုအပ်သောပေါင်းစပ် ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြားလိုအပ် သကဲ့သို့ကြားခံ၍ ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။အစိုးရသစ်၏ ကျန်ရှိသည့် သက်တမ်းသုံးနှစ်တာကာလတွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ချမှတ်ပေးထား သည့် မူဝါဒများနှင့်လမ်းညွှန်ချက်များ အောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန် အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ။

သတင်းအဖွဲ့




ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်သူ့အတွက် ဒုတိယ (၁)နှစ်တာ

ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ နှစ်နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ နှစ်နှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန် အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန် နေရဆဲလုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ဒုတိယ (၁) နှစ်တာ ကာလ အတွင်း ပြည်သူများအတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။
ယနေ့ထက်တိုင် ရိုးရာဂျပ်ခုတ်ဝတ်စုံများကို မြတ်နိုးတန်ဖိုးထား ဝတ်ဆင်ကာ ရိုးရာဓလေ့နှင့် သဘာ၀ အလှတရားများစွာ တည်ရှိရာ၊ ပြည်နယ်၏ အမှတ်သင်္ကေတ အောက်ချင်းငှက်များ ရှင်သန်ရာ၊ တောင်ဇလပ်ပန်းများ ပွင့်လန်းရာ ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင် ဖွံ့ဖြိုးမှုမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် တစ်ဆင့်နိမ့်ကျခဲ့သည်။
ဦးစားပေးလုပ်ငန်းသုံးခု
ထို့ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင် ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ လျှပ်စစ်မီး ရရှိရေးနှင့် ပြည်နယ်နှင့် ကိုက်ညီသည့် စိုက်ပျိုးရေး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး စသည့် ဦးစားပေး လုပ်ငန်းသုံးခုကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ
ပထမဦးစားပေးလုပ်ငန်းသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးဖြစ်သည့် အားလျော်စွာ လမ်းပန်းဆက်သွယ်ရေးကဏ္ဍအတွက် ပြည်နယ်ဘတ်ဂျက်၏ ၅၂ ရာခိုင်နှုန်းကို သုံးစွဲခဲ့ကြောင်း သိရသည်။
ကြိုးစားဆောင်ရွက်လျက်ရှိ
“ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကဦးစားပေးဆောင်ရွက်တဲ့ လုပ်ငန်းသုံးခု ရှိပါတယ်၊ ပထမက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးပါ၊ နွေမိုးဆောင်း သုံးရာသီ အမြဲတမ်း သွားလာနိုင်သည့် လမ်းဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်လျက်ရှိပါတယ်၊ ဆောင်ရွက်တဲ့နေရာမှာ အဓိကအားဖြင့် ချင်းပြည်နယ် မြောက်ပိုင်း အစွန်ဆုံး တီးတိန်မြို့နယ် ကျီးခါးမြို့မှ တောင်ပိုင်းအစွန်ဆုံး ပလက်၀မြို့နယ် ဆမီးအထိ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းဖြစ်အောင် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။
ဆက်သွယ်ရေးကဏ္ဍ
“ဒီလမ်းကို ချင်းပြည်နယ်ရဲ့ ကျောရိုးမဏ္ဍိုင် လမ်းဖြစ်အောင် ဆောင်ရွက်ပါတယ်၊ ချင်းပြည် နယ် အစိုးရရဲ့ ဘတ်ဂျက် ၅၂ ရာခိုင်နှုန်းကို လမ်းပန်းဆက်သွယ်ရေးကဏ္ဍအတွက် အသုံးပြု လျက်ရှိပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။
“ချင်းပြည်နယ်ဟာ ကုန်းပိတ်ပြည်နယ်ဖြစ်နေတဲ့အတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့ အခါ ပလက်၀မြို့ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုရမ်ပူရ်အထိ နယ်စပ်ကုန်သွယ်ရေး လမ်းကိုလည်း ကြိုးစားဖောက်လုပ်ခဲ့ပါတယ်၊ လမ်းကတော့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သဘောတူညီချက် MoU ရေးထိုးပြီး ဆောင်ရွက်နေတဲ့ လမ်း ဖြစ်ပါတယ်။
မြစ်ကူးတံတားတည်ဆောက်
“အဲဒီလိုပဲ ထန်တလန်မြို့နယ်ဘက်က စာချီချောက်လမ်းကနေ အိန္ဒိယနိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကိုကြိုးစားပြီး ဖောက်လုပ်နေတာ တံတားတည်ဆောက်ဖို့ပဲ ကျန်ပါတော့ တယ်၊ ပလက်၀ မြို့နယ်မှာ ပေ ၁၉၀၀ ခန့်ရှည်လျားတဲ့ ကုလားတန် မြစ်ကူးတံတားကို တည်ဆောက်နေတာ ၃၃ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပါတယ်၊ ဒီလုပ်ငန်းတွေ ပြီးစီးရင် တခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်မှုကို မမီတဲ့တိုင် ကျွန်တော်တို့ ပြည်နယ်ဟာ သူ့စံချိန်နဲ့သူ အများကြီး တိုးတက်လာမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ရေတံခါးတပ် ရေပိုလွှဲတည်ဆောက်
ချင်းပြည်နယ်အစိုးရအနေဖြင့် ၂၀၁၅ ခုနှစ် သဘာ၀ဘေးကြောင့် ပျက်စီးခဲ့သည့် ဟားခါးမြို့ ရုန်းတောင်ကို ရွှံ့နွံဖယ်ရှားပြီး ထပ်မံပြိုကျမှု မရှိစေရေး မြေထိန်းနံရံ ကျောက်စီလုပ်ငန်း၊ ရေနုတ် မြောင်းတူးဖော်ခြင်း၊ တာပေါင်ဖို့ခြင်းနှင့် ရေတံခါးတပ် ရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်းများကို နှစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှစ်နှစ်တာကာလအတွင်း လမ်းတံတား ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ လမ်းဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးကျော်မျိုးထွဋ်က “နှစ်နှစ်တာ ကာလအတွင်းမှာ ကတ္တရာလမ်းအသစ် မိုင် ၁၁၀ လောက် ခင်းနိုင်ခဲ့တယ်၊ ရာသီမရွေးသွားလို့ရတဲ့ လမ်းအနေနဲ့ ၁၃၉ မိုင်လောက် ဆောင်ရွက်နိုင်ခဲ့တယ်၊ ပေ ၁၈၀ အထက် တံတားကြီးတွေဆိုရင် ငါးစင်းတည်ဆောက် နိုင်ခဲ့တယ်၊ ဥပမာ တွန်းဇံဘက်က နတ်ဇန်၊ ဘွေနူးတို့နောက် ဘွေလီတံတား စသဖြင့် အဲဒီလိုတံတားမျိုးတွေ ငါးစင်း တည်ဆောက်နိုင်ခဲ့တယ်၊ မိုးတွင်းမှာ အဓိကစိန်ခေါ်မှုက တောင်ပြိုတာ၊ လမ်းသားပဲ့တာတွေပါ၊ တောင်ပြိုတာကို JICA က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ နည်းပညာ လာကူညီပေးတယ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အပြီးမှာတော့ မြေပြိုမှုကို ရာနှုန်းပြည့်နီးပါး ထိန်းသွားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ပြောသည်။
ကမ္ဘာ့ဘဏ်နှင့် သဘောတူညီ
ပြည်နယ်အစိုးရအနေဖြင့် ကလေး-ဖလမ်း-ဟားခါးလမ်း ၁၂၄ မိုင် နိုင်လွန်ကတ္တရာခင်းခြင်း ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်နှင့် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်
ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက “ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး ကလေး-ဖလမ်း-ဟားခါးလမ်း ၁၂၄ မိုင်ကို နိုင်လွန်ကတ္တရာခင်းဖို့ ရှိပါတယ်၊ ရန်ပုံငွေ အနေနဲ့ကတော အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၈ မီလီယံ ရှိပါတယ်၊ ပထမတစ်ခါ ကမ္ဘာ့ဘဏ် က လာရောက်လေ့လာ အချိန်မှာ နည်းနည်းအဆင်မပြေမှုတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ကို ပြန်ရှင်းပြတဲ့အခါမှာ သဘော ပေါက်သွားပြီးတော့ ၂၀၁၈ မတ်လ ၂၀ ရက်နေ့မှာ ထပ်ဆွေးနွေး ကြပြီး သဘောတူညီမှုရရှိပြီ ဖြစ်ပါတယ်၊ ၂၀၁၉ အောက်တိုဘာလလောက် ကနေစပြီး လုပ်ငန်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
သစ်သီးဝလံစိုက်ပျိုးရေးကို ဦးစားပေး
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယဦးစားပေး လုပ်ငန်းမှာ လျှပ်စစ်မီးတိုးတက် ရရှိရေးဖြစ်ပြီး တတိယ ဦးစားပေးအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရန် မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာ လုပ်ငန်းမှ အစဉ်အမြဲတည်တံ့သည့် သီးနှံစိုက်ပျိုးရေး၊ သစ်သီးဝလံ စိုက်ပျိုးရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။
မြို့လေးမြို့ ဓာတ်အားဖြန့်ဖြူးနိုင်
လျှပ်စစ်ကဏ္ဍတွင် ချင်းပြည်နယ်ရှိ မြို့ ၁၅ မြို့အနက် မြို့ခြောက်မြို့ကို မဟာဓာတ်အားလိုင်း ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့လေးမြို့အတွက် ရေအားလျှပ်စစ်မှ ဓာတ်အားဖြန့်ဖြူး နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “နှစ်နှစ်အတွင်းမှာ ချင်းပြည်နယ်အတွင်းရှိ မြို့ ၁၅ မြို့အနက် မြို့ခြောက်မြို့မှာ မဟာဓာတ်အား လိုင်းရရှိသလို နောက်ထပ် မြို့လေးမြို့ အတွက် ရေအားလျှပ်စစ်ကနေပြီးတော့ “ဓာတ်အားဖြန့်ဖြူးနိုင်ဖို့ စတင်ဆောင်ရွက်နေတယ်၊ နောက်ထပ် မြို့ကြီးသုံးမြို့ကိုပါ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး နိုင်မယ်ဆိုရင် ကျွန်တော်တို့ ပြည်နယ် အစိုးရ သက်တမ်း ငါးနှစ်အတွင်းမှာ ချင်းပြည်နယ်ရှိ မြို့အားလုံးနီးပါး ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားနိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက် ဇက်ခက်က ပြောသည်။
မြို့ ၁၅ မြို့ဖြင့် ဖွဲ့စည်း
ချင်းပြည်နယ်သည် ဧရိယာစတုရန်းမိုင် ၁၃၉၀၇ မိုင် ကျယ်ဝန်းကာ ကန်ပက်လက်၊ မတူပီ်၊ ပလက်၀၊ မင်းတပ်၊ ဖလမ်း၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ဟားခါးဟူသည့် မြို့နယ် ကိုးမြို့နယ်နှင့် ရိခေါဒါရ်၊ ရေဇွာ၊ ကျီခါး၊ ခိုင်ကမ်း၊ နှာရိန်၊ မကွီးအိမ်နူး စသည့်မြို့များအပါအဝင် မြို့ ၁၅ မြို့ဖြင့် ဖွဲ့စည်း ထားသည်။
“တောင်သူတွေအတွက် စိုက်ပျိုးရေးနဲ့အတူ လမ်းပန်းဆက်သွယ်ရေးက အဓိကအရေးကြီး တယ်၊ ဘာလို့လဲဆိုရင် ရွာတွေမှာစိုက်ဖို့ မြေတွေကရှိတယ်၊ စိုက်ပြီးတော့ထွက်တဲ့ စိုက်ပျိုး သီးနှံတွေကို ဈေးနှုန်းချိုသာစွာနဲ့ ချောချောမောမောပို့နိုင်မှ ဝင်ငွေတိုးမှာပါ။
“အဲဒီတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့လိုတယ်၊ ပြီးတော့ တောင်သူတွေအတွက် မျိုးကောင်းမျိုးသန့် ရရှိနိုင်ရေးကို လုပ်ဆောင်ပေးဖို့ လိုပါတယ်၊ အထက်ကနေ ဒါစိုက်ရမယ် ဆိုတာထက် ကိုယ့်ဒေသမှာ အမှန်တကယ်ရောင်းလို့ရတဲ့ သီးနှံ၊ အထွက်နှုန်းများတဲ့ မျိုးကောင်း မျိုးသန့် လုံလောက်စွာရရှိနိုင်ရေးကို လုပ်ဆောင်ပေးဖို့ လိုတာပေါ့”ဟု ဒေသခံ ပြည်သူတစ်ဦး ဖြစ်သည့် ဆလိုင်းမာဟုန်းက အကြံပြုပြောကြားသည်။
စိုက်ပျိုးရေရရှိရေး ဆောင်ရွက်
ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်းက “၂၀၁၆- ၂၀၁၇ မှာ ဆည်မြောင်းလုပ်ငန်းအနေနဲ့ လုပ်ငန်းပေါင်း ၂၆ ခု၊ အကျိုးပြုဧက ၁၇၅၅ ဧက၊ ၂၀၁၇-၁၈ ခုနှစ်မှာ ဆည်မြောင်းလုပ်ငန်း ၃၃ ခု၊ အကျိုးပြု ဧက ၁၃၇၅ ဒသမ ၅ ဧကကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ ပြီးတော့ သီကီရ်ရေလှောင်တမံကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု စိုက်ပျိုးရေး ကဏ္ဍအတွက် အဓိကကျသည့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်မှုကို ပြောပြသည်။
ပြည်နယ်အတွင်း သစ်တောကဏ္ဍ ထိန်းသိမ်းမှုအနေဖြင့် ဒုတိယတစ်နှစ်တာ ကာလအတွင်း ချင်းပြည်နယ်၏ အဓိကသင်္ကေတဖြစ်သည့် အောက်ချင်းငှက်နှင့် တောင်ဇလပ် ထိန်းသိမ်းနိုင်ရန် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဆိုင်ရာ ဒေသန္တရအမိန့်ကို ထုတ်ပြန်နိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
ချင်းပြည်နယ်အတွက် အရေးကြီးတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနဲ့ ငွေတိုးချေးစားသူများဥပဒေ စသဖြင့် ပြုပြီးသားဥပဒေ ငါးခုရှိပါတယ်၊ မေလ အတွင်းမှာ လွှတ်တော်က ဥပဒေပြုဖို့ လျာထားတာငါးခု ရှိပါတယ်၊ လွှတ်တော် ၁၂ ကြိမ်မြောက် မှာ ချင်းအမျိုးသားနေ့နဲ့ ပတ်သက်ပြီး ချင်းလူမျိုးများ အထွတ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရမှ တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့ ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့ပါတယ်၊ ဒါပေမယ့်ပြည်နယ် အစိုးရက ပြည်ထောင်စုအစိုးရကို တင်ပြပြီးမှ အတည်ပြု ချက်ရယူမှာ ဖြစ်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက လွှတ်တော်ကဏ္ဍမှ ပြည်သူ့ အတွက်ဆောင်ရွက်မှုကို ပြောကြားသည်။
ခရီးသွားဝင်ရောက်မှုတိုးတက်
ချင်းပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုမှာ နှစ်နှစ်တာအတွင်းနှစ်ဆခန့် တိုးတက်လာကြောင်း သိရပြီး ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၅၂၅၁ ဦးနှင့် ပြည်ပခရီးသွား ၁၇၆၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၁၁၀၄၇ ဦးနှင့် ပြည်ပခရီးသွား ၂၄၅၄ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုနှေးကွေး
“နယ်စပ်အရေးနဲ့ ပတ်သက်လို့ရှိရင် ရိခေါဒါရ်မြို့မှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဈေးကို ဖွင့်ထားပါတယ်၊ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်ကြောင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှု၊ ကုန်စည်စီးဆင်းမှုဟာ တိုးတက်သင့်သလောက် မတိုးတက်သေးဘဲ နှေးကွေးနေ တာ တွေ့ရပါတယ်။
နှစ်နိုင်ငံသဘောတူ
“အခု မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံအကူအညီနဲ့ ရိခေါဒါရ် ဈေးကနေ မြန်မာနိုင်ငံ တီးတိန်မြို့နယ်အထိ လမ်းအူကြောင်းအသစ် ရှာဖွေပြီးတော့ လမ်းသစ် ဖောက်ပြီး ကတ္တရာလမ်းခင်းဖို့ ပူးပေါင်းဆောင်ရွက်မယ်၊ ပြီးတော့ ရိခေါဒါရ်မြို့ကနေ အိန္ဒိယနိုင်ငံ ဇိုခေါထာရ်မြို့ ကြားမှာရှိတဲ့ တံတားကိုလည်း သံကူကွန်ကရစ် တံတားအဖြစ် ထပ်မံတည်ဆောက်မှာ ဖြစ်ပြီးတော့ အဲဒီအတွက်လည်း နှစ်နိုင်ငံ သဘောတူ စာချုပ်လက်မှတ် ရေးထိုးပြီးသား ဖြစ်ပါတယ်၊ ဖလမ်းမြို့နယ် လေးလက်ကျေးရွာနဲ့ အိန္ဒိယနိုင်ငံ ဗာဖိုင်မြို့နယ် စပ်ဈေးဖွင့်ဖို့အတွက်လည်း နှစ်နိုင်ငံ သဘောတူပြီးသား ဖြစ်ပါတယ်” ဟု နယ်စပ် ကုန်သွယ်ရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်က ပြောသည်။
ပံ့ပိုးကူညီပေးနိုင်ခဲ့
ပြည်နယ်အတွင်း စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက် လျက်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသေးစား၊ အလတ်စား လုပ်ငန်းများ အတွက် ချေးငွေ လျှောက်ထားသူ ၂၂၁ ဦးအတွက် ပံ့ပိုးကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
“ချင်းပြည်နယ်ရဲ့ အသေးစားအလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ မဟာဗျူဟာ (၂၃) ချက်ကို ရေးဆွဲထားတယ်၊ ဒီလိုရေးဆွဲဆောင်ရွက်နေရာမှာ အထူးသဖြင့် ချင်းပြည်နယ်ကို SMEs Zone လေးခု ပိုင်းခြားသတ်မှတ် ဆောင်ရွက်တယ်၊ ချေးငွေရရှိရေးအတွက် မြန်မာ့ စီးပွားရေးဘဏ်နဲ့ ချိတ်ဆက်ပြီး တော့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီး ဦးဆလိုင်းအိုင်ဇက်ခက်က ဆိုသည်။
ဒေသသင်ရိုး Grade 2 အထိပြုစု
ပြည်နယ်၏ ပညာရေးကဏ္ဍ မြှင့်တင်ရာတွင် ပြည်နယ်အစိုးရအနေဖြင့်၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျောင်း ၂၂၁ ကျောင်းကို အဆင့်တိုးမြှင့်တင်ပေးနိုင်ခဲ့ပြီး ကျောင်း ၁၂၁ ကျောင်းကို ဆောက်လုပ်ပေး နိုင်ခဲ့သည့်အပြင် ချင်းပြည်နယ်ဆိုင်ရာ ဒေသသင်ရိုးကို Grade 2 အဆင့်အထိ ပြုစုပေးနိုင်ခဲ့ကြောင်း သိရသည်။
ဘွဲ့ရနေ့စားလပေး ၁၀၂၄၂ ဦး၊ မူလတန်းပြ ၂၁၆၃ ဦး၊ အလယ်တန်းပြ ၁၄၄၃ ဦး၊ အထက် တန်းပြ ၄၀၅ ဦးကို ခန့်အပ်နိုင်ခဲ့ကြောင်း သိရသည်။
ဟားခါးကောလိပ်ဖွင့်
ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက် လျက်ရှိရာ ဟားခါးကောလိပ်ကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် လည်းကောင်း၊ ပညာရေး ကောလိပ်ကိုလည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင်လည်းကောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တိုးမြှင့်တက်ရောက်ခွင့်ပြု
“ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ် အတွက် ဟားခါးကောလိပ်ကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် မျိုးဆက်သစ်တွေအတွက် ပညာရေး အပိုင်း တော်တော်လေးကို အကျိုးရှိမှာဖြစ်ပါတယ်၊ ပြီးတော့ ပညာရေးကောလိပ်ကိုလည်း ၂၀၁၈ ဖေဖော်ဝါရီလမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ ချင်းပြည်နယ် ဖလမ်းမြို့ သူနာပြု သင်တန်း ကျောင်းမှာ နှစ်စဉ်သင်တန်းသူ သင်တန်းသား ၆၆ ယောက် တက်ရောက်ခွင့်ရခဲ့ရာကနေ ဒီနှစ်မှာ ၈၃ ယောက်အထိ တိုးမြှင့် တက်ရောက်ခွင့် ပြုနိုင်ခဲ့ပါတယ်” ဟု ပြည်နယ် လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင်ထန်က ပြောသည်။
ကျန်းမာရေးကဏ္ဍ မြှင့်တင်မှုအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် နှစ်နှစ်အောက် ကလေးများ ထောက်ပံ့ရေး လုပ်ငန်းများအရ အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း ၁၀၅၁၃ ဦးကို ထောက်ပံ့ပေးလျက် ရှိသည်။
မွန်မြတ်တဲ့အလုပ်ဖြစ်
ဒီလိုကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးဖွားပြီး ကလေးငယ်တွေကို ထောက်ပံ့ပေးတာ တော်တော်ကို ကောင်းပါတယ်၊ ကျွန်မတို့ တောင်ပေါ်ဒေသအတွက် အင်မတန်မှ မွန်မြတ်တဲ့အလုပ်ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရဓာတ်ချို့တဲ့တာ၊ ကလေးမွေးဖွားတဲ့ အချိန်မှာ ခက်ခဲတာတွေ ကျွန်မတို့ဆီမှာရှိတယ်၊ အခုလိုမျိုးတစ်လတစ်ခါ ပုံမှန်ထောက်ပံ့တာကို အားရကျေနပ် ပြီး ဂုဏ်ယူဝမ်းသာပါတယ်၊ ပြီးတော့အသက် ၉၀ အထက်အဘိုးအဘွားများကို ထောက်ပံ့တာလည်း တော်တော်ကောင်းပါတယ်၊ အဘိုးအဘွားတွေ တော်တော်လေး စိတ်ချမ်း သာတာပေါ့၊ စားဝတ်နေရေးကိုလည်း အထောက်အပံ့ပြုပါတယ်” ဟု ဒေသခံ ဒေါ်သောခ်မဲန် က ပြောပြသည်။
တံတားတည်ဆောက်
ဆက်လက်ပြီး ပြည်နယ်အစိုးရ၏ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအပေါ်မှာလည်း ၎င်းက ဒီနှစ်နှစ်တာကာလမှာမြို့ရွာတွေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာ ကတော့ တော်တော် လေးကို ကောင်းပါတယ်၊ လမ်းတိုးချဲ့တာတို့၊ တံတားတည်ဆောက်တာတို့ ဒါတွေ လည်းပါတယ်၊ ပြည်နယ်အစိုးရရဲ့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်နေတာတွေအတွက် အားရ ပါတယ်။
ရိုးရာဂျပ်ခုတ်လုပ်ငန်း
 “ချင်းအမျိုးသမီးတွေထဲမှာ ဂျပ်ခုတ်ပြီး အသက်မွေးဝမ်းကျောင်း ပြုတဲ့သူတွေရှိတယ်၊ ဒါပေမယ့် ရိုးရာ ဂျပ်ခုတ်လုပ်ငန်းကို ဆက်လက်ပြီး မထိန်းသိမ်းဘူးဆိုရင် ရိုးရာယဉ်ကျေးမှု ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေမှာရှိတဲ့အတွက် သင်တန်းပေးတာတို့လိုမျိုးနဲ့ ထိန်းသိမ်းနိုင် ရင် ကောင်းပါတယ်” ဟု အကြံပြုပြောကြားသည်။
တိုးတက်မှုရှိ
ဒေသခံ ဦးရာလ်ခမ်းကလည်း “ပထမတစ်နှစ်ကတော့ သိပ်အပြောင်းအလဲမရှိဘူး၊ ဒုတိယ နှစ်နှစ်ပိုင်း မှာတော့ ဟားခါးမြို့မှာဆိုရင် နိုင်လွန်ကတ္တရာ ခင်းပေးတာတို့၊ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဟားခါးမြို့ မြေပြိုတဲ့ကိစ္စ၊ ရေမြောင်းတွေပြင်ပေးတာတို့၊ မြေထိန်းနံရံတွေ ကပ်ပေးတာတို့ တော်တော်များများ ရှိလာတယ်၊ တိုးတက်မှုရှိတယ်၊ ဒါပေမယ့် ပြည်နယ် အစိုးရအနေနဲ့ သူတို့ဘာတွေ လုပ်နေတယ်ဆိုတဲ့ လူထုနဲ့ဆက်သွယ်မှု အားနည်းနေသေးတယ်၊ လူထုနဲ့ညှိနှိုင်းမှု၊ ပြည်သူနဲ့ ပူးပေါင်းမှုတော့ အားနည်း နေသေးတယ်” ဟု အကြံပြုသည်။
တစ်ဖက်တစ်လမ်းကကူညီ
“ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုရင် ချင်းပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ မိဘ ညီအစ်ကို မောင်နှမတွေရဲ့ နှိုးဆော်အကြံပေးမှုတွေကို အမြဲတမ်းကြိုဆိုလျက် ရှိပါတယ်၊ ချင်းပြည်နယ်ပြင်ပမှာ နေထိုင်ကြတဲ့ ချင်းလူမျိုးတွေ၊ ပညာရှင်တွေ၊ ပညာတတ်တွေ၊ လုပ်ငန်း ရှင်တွေ အားလုံးက ချင်းပြည်နယ်အတွင်းမှာ လာရောက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက် အောင် တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
လက်ကမ်းကြိုဆို
ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ လျှပ်စစ်မီး ရရှိရေး နှင့် ပြည်နယ်နှင့် ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး ဦးစားပေး လုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပါဝင်ဆောင်ရွက် လိုသူများကိုလည်း လက်ကမ်းကြိုဆိုလျက်ရှိပါကြောင်း ရေးသား တင်ပြအပ်ပါသည်။


နိုင်ငံတော်အစိုးရသစ်၏ (၂)နှစ်တာ ကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ချက်များ Primary tabs View(active tab)Edit

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖွဲ...